Mandalay United FC

ယနေ့ ပွဲသည် ၂၀၁၀ ခုနှစ်အတွက် ပွဲဦးထွက်ပွဲ ဖြစ်သလို၊ MUFC ၏ အမာခံ အားကစားသမား အများစု မြန်မာပြည်ပြန်ခြင်း၊ ဒဏ်ရာရနေသူများနေသောကြောင့် အားပေးသူပရိတ်သတ်များအတွက် အသင်း၏အနေအထားကို သုံးသပ်ရန် စောင့်မျှော်နေသော ပွဲတပွဲလည်းဖြစ်၏။ အထူးသဖြင့် ပြိုင်ဘက် Ayer Rajah Malaysia အသင်းသည် အင်အားတောင့်တင်းသော အသင်းဖြစ်ပြီး အရန်အင်အားများခြင်း၊ နိုင်ငံခြားသား အာဖရိကအားကစားသမားတဦးကို အဓိက ပွဲထုတ်ကစား လာခြင်းကြောင့် ပရိတ်သတ်အတွက် MUFC၏ခြေစွမ်းကို အကဲဖြတ်ခွင့်ရခဲ့သော ပွဲတပွဲဖြစ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
MUFC အသင်းအနေဖြင့် ဂိုးသမား နှစ်ဦးအပါအ၀င် စုစုပေါင်း ကစားသမား (၁၂) ယောက်သာ ရှိသဖြင့် အရန်အင်အား မပြည့်စုံပဲ အသင်းလိုက် ညီညွတ်မှုဖြင့် ကစားခဲ့သော ပွဲတပွဲဖြစ်ခဲ့ပါတယ်။ MUFC အသင်းဟာ ၄-၄-၂ ပုံစံ အတိုင်း ကစားခဲ့တာကိုတွေ့ရပါတယ်။ ကစားသမားများအနေနှင့်ကတော့ (ဂိုး) မွန်အောင် (စည်သူ)၊ နောက်တန်း- မျိုးမင်းဦး ခေါ် ကြက်ဥ (ဘယ်)၊ ကိုမင်းနိုင်၊ အောင်သူရ ( အလယ်)၊ ကိုထွန်းဝင်းမင်း (ညာ)၊ အလယ်တန်း - ခိုင်ချစ်(ဘယ်၊ နေမြတ်စိုး၊ ကိုငယ်လေး ( အသင်းခေါင်းဆောင်) ၊ ကိုညီ (ညာ) ရှေ့တန်း- ဇာနည်၊စိုးသူ တို့ဖြင့် ကစားခဲ့ပါတယ်။
ပထမပိုင်း ၄၅ မိနစ်

ပွဲစစချင်း ၁၀ မိနစ်လောက်အထိ တဖက်နှင့်တဖက် ထိထိရောက်ရောက် ထိုးဖောက်ခြင်းမရှိပဲ ကွင်းလယ်ကစားကွက်များဖြင့် အားစမ်း ကစား နေခဲ့ပါတယ်။ ပထမပိုင်း ၁၅မိနစ်ကျော်မှစ၍ MUFC အသင်းမှ လျှပ်တပြတ်ထိုးဖောက်မှုများဖြင့် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။
MUFC အသင်းတဖြည်းဖြည်း တိုက်စစ်ဆင် ကစားလာရာ ပထမပိုင်း မိနစ် နှစ်ဆယ်အရောက်တွင် ညာတောင်ပံမှ ညီညီချပေးသည်ကို ကွင်းလယ်ကစားသမား ကိုငယ်လေးရရှိပြီး တရှိန်ထိုးအပြင်းကန်သွင်းရာ ရှေ့တန်းလူ ဇာနည်မှကြားဖြတ် ခေါင်းတိုက်ချအပေး စိုးသူရရှိကာ မနားတမ်းကန်သွင်းရာမှ တဖက်အသင်း ဂိုးသမား ဒိုင်ဗင်ထိုး၍ပုတ်ထုတ်ကာကွယ်သည်ကို နောက်ခံ လူများ ကာကွယ်ဖျက်ထုတ်နေသည့်ကြားမှ ဇာနည်က ပါးနပ်သော လျင်မြန်မှူဖြင့် ပြေးဝင် ပိတ်သွင်းသဖြင့်MUFCအသင်းအတွက်ဗွေဆော်ဦးဂိုးကိုထိုက်ထိုက်တန်တန်ရရှိသွား ပါတယ်။ထိုဂိုးသည်MUFCအသင်းအတွက်၂၀၁၀ခုနှစ်၏ အစဂိုး ဖြစ်သလိုအသင်းလိုက် စုစည်းမှုဖြင့် ရသော ဂိုးတဂိုး အဖြစ် မှတ်တမ်းဝင် ခဲ့ပြီ ဖြစ်သည်။
ပြိုင်ဖက့် Ayer Raja Malaysia FC အသင်းသည် ဂိုးတဂိုး ပေးလိုက် ရပြီးသည့် နောက်တွင် ချေပဂိုးရရှိရန် အပြင်းအထန် ကြိုးစားလာခဲ့ရာ MUFC အသင်း နောက်ခံ လူများ၏ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ဖျက်ထုတ်နိုင်ခဲ့သဖြင့် Ayer Raja Malaysia FC အသင်း ၏ တိုက်စစ်များ ပျက်ပြယ်ခဲ့သည်ကို တွေ့ရှိရပါတယ်။ အထူးသဖြင့် နောက်တန်းလူများ ဖြစ်သော မျိုးမင်းဦး၊ ကိုမင်းနိုင်၊ အောင်သူရ၊ နေမြတ်စိုး၊ ကိုထွန်းဝင်းမင်းတို့က တစ်ဖက် အသင်းတိုက်စစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။ MUFC ကလည်း နောက်ထပ် ဂိုးရရေးအတွက် တိုက်စစ်ဆင် ကစားခဲ့ရာ ၃၀ မိနစ်မှာ တိုက်စစ်မှူးဇာနည်က နောက်တန်းလူကိုလိမ်ခေါက်ပြီး ဂိုးသမားနှင့် ရင်ဆိုင်အတွေ့ ကန်သွင်းရာ ဘေးတိုင်နားမှ ကပ်၍ထွက်သွားသဖြင့် အပိုင်ဂိုးတဂိုး နစ်နာခဲ့ရသည်။ ဆက်တိုက်ဆိုသလို ဆက်လက် ဖိကစားခဲ့ရာ တဖက်အသင်းမှ လူကျွံဘော ဖမ်းကစားခဲ့သဖြင့် မကြာခဏ လူကျွံဘော ပေးခဲ့ရပါတယ်။ တဖက်အသင်းမှ ကွင်းလယ်စည်းစပ်နားထိတက်ကာ လူကျွံ ဖမ်းကစား နေသဖြင့် MUFC အသင်းမှ ဘောလုံးကိုင်ကစားပြီး အခြေအနေအကဲခတ်ကာ ထိုးဖောက် ကစားနေခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များမှာလည်း စောဒက တက်စရာများ ဖြစ်ခဲ့ပြီး မလိုအပ်သော ပြစ်ဒဏ်ဘောများ၊မှားယွင်းသော လူကျွံဘော ဆုံးဖြတ်မှုများကြောင့် ကစားသမားများနှင့် အငြင်းပွားခဲ့သည်။
ဒုတိယပိုင်း ၄၅ မိနစ်
တဖက် Ayer Raja Malaysia FC အသင်းမှJersey Orange Color ကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး ပွဲစသည်နှင့် နောက်တန်းတွင် ၂ယောက်၊၃ ယောက်သာ ချန်ထားပြီး တိုက်စစ်ဆင် ကစားလာရာ ပွဲမှာ အကြိတ်အနယ် ဖြစ်လာပြီး မြန်ဆန် လာခဲ့သည်ကိုတွေ့ရပါတယ်။ MUFC မှလည်း တန်ပြန်တိုက်စစ်ဆင် ကစားခဲ့ရာ ၅၅ မိနစ်ခန့်တွင် တဖက်အသင်း လူကျွံဘော ဖမ်းကစားရာမှ လွတ်ထွက် သွားသည်ကို ရှေ့တန်းတိုက်စစ်မှူး ဇာနည် ဘောလုံးရရှိပြီး အပိုင်ကန်သွင်းရာ ဂိုးသမား လှဲအိပ် ပုတ်ထုတ်ကာကွယ်သွားသဖြင့် MUFC အတွက် ဂိုးတဂိုးနစ်နာသွားရသည်။ ၆၅ မိနစ်ခန့်တွင် Malaysia အသင်းမှ အရှုံးဂိုးများ ချေပနိုင်ရန် ကြိုးစားနေစဉ် ကွင်းလယ် ကစားသမား ကိုငယ်လေးဖြတ်ယူရရှိပြီး ခိုင်ချစ် နှင့် အပေးအယူ လုပ်ကာ ခိုင်ချစ် မှ စိုးသူ ကိုချပေး ကာ Malaysia အသင်း နောက်တန်းသမား များ နှင့် ယှဉ်ပြိုင် ကာ MUFC အတွက် ဒုတိယ အနိုင် ဂိုး ရရှိသွားသည်။

တဖက် Ayer Rajah Malaysia အသင်းမှလည်း အရှုံးဂိုးများ ချေပနိုင်ရန်အတွက် ကြိုးစားလာခဲ့ရာ နောက်တန်းသမားများ နှင့် လူစားဝင်လာသူ ဂိုးသမား စည်သူတို့ ကာကွယ်ဖျက်ထုတ်နေရသည်။ တဖက်အသင်းမှ ရှေ့တန်းများမှ အဝေးကန်ချက်များဖြင့် ကြိုးစားနေရာ ဂိုးသမားနေရာယူမှန်သောကြောင့် ထိရောက်မှုမရှိခဲ့ပေ။ သို့သော် ၇၀ မိနစ်ခန့်တွင် ဂိုးသမားစည်သူဖမ်းမိသော ဘောလုံးကို အလယ်လူ နေမြတ်စိုးအား အမြန်ပေးရာမှ နေမြတ်စိုး လူပေးမှားသည်ကို အခွင့်ကောင်းယူ၍ တစ်ဖက် ရှေ့တန်း ကစားသမားက ဘောလုံး ရရှိသွားကာ နောက်ခံလူအောင်သူရအားကျော်၍ ဂိုးဘယ်ဘက် ထောင့်ထဲသို့ကန်သွင်းရာ ဂိုးသမား စည်သူ ဟန်ချက် ပျက်သွား၍ မည်သို့မှ မတတ် နိုင်တော့ဘဲ ချေပဂိုးပေးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ နှစ်ဖက်အသင်းဟာ ဂိုးရရှိရေးအတွက် အပြင်းအထန် ကြိုးစားလာခဲ့ရာ ပွဲမှာမြန်ဆန်လာပြီး ထိခိုက်မှုများ ရှိလာပါတယ်။ ၇၅ မိနစ်ခန့်မှာတော့  နောက်ခံလူခြေစွမ်းပြကစားနေတဲ့ ကိုမင်းနိုင်ဟာ တဖက်အလယ်တန်းလူနှင့် ဘောလုံးယှဉ်လုရာမှာ ဒိုင်လူကြီးက ကြမ်းတမ်းသည်ဆိုကာ ဒုတိယအကြိမ် အဝါကဒ်ပြသဖြင့် (2) ဝါ (1) နီ ဖြင့် ထုတ်ပယ်ခံရပါတယ်။ ထို ဆုံးဖြတ် ချက်မှာ အငြင်းပွါးဖွယ်ဖြစ်ခဲ့ပြီး ဒိုင်လူကြီးမှ ဖြစ်ဖြစ်ချင်း ပွဲမရပ်ခဲ့ဘဲ အတော်ကြာမှ တဖက် အသင်း ကစားသမား၏ တိုက်တွန်းမှုကြောင့် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအဖြစ် အပျက်ကြောင့် ပွဲမှာ ရုတ်ရုတ်သဲသဲ ခဏဖြစ်သွားပြီး နှစ်ဖက်အသင်း၏ သဘော တူညီ ချက်အရ ကိုမင်းနိုင်အစား မွန်အောင်(ဂိုးသမား) မှ ပါဝင် ကစားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့တဖက်အသင်းမှချေပဂိုးရရန်အပြင်းအထန်ကြိုးစားခဲ့ပြီး MUFC အသင်းမှ အလယ်တန်းနှင့် နောက်တန်း ကစားသမားများက အဆင့်ဆင့် စနှစ်တကျ ဖြတ်ထုတ်နိုင်ခဲ့ပါတယ်။ မိနစ်၈၀ ခန့်တွင် အသင်းမှ တိုက်ရိုက် ပြစ်ဒဏ်ဘော ရသည်ကို နေမြတ်စိုးကန်သွင်းရာတဖက်ဂိုးဘယ်ဘက်ထောင့်ထဲမှဂိုးသမားပုတ်ထုတ်ကာကွယ်သွားသဖြင့် MUFC အသင်းဂိုး တဂိုး ဆုံးရှုံးသွားရပါတယ်။ပွဲပြီးခါနီးမိနစ် ၉၀တွင် တဖက်အသင်းမှ အာဖရိကန်ကစားသမားမှ MUFC အသင်းသား ဇာနည် နှင့် အငြင်းပွါး နေရာမှ အခွင့်ကောင်း ယူ၍ ဂိုးသွင်းရန် ကြိုးစားရာ နောက်ခံ အလယ်လူ အောင်သူရ မှ ကာကွယ်လိုက်နိုင်သဖြင့် ပွဲအပြီးတွင်MUFC မှ(၂) ဂိုး (၁) ဂိုး ဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။ အသင်းကစားပုံသုံးသပ်ချက် ယနေ့ပွဲသည် အဓိကအား ကစားသမား အများစု မစုံလင်သည့်အတွက် ရှိသည့်လူဖြင့် ကစားခဲ့ရသော ၂၀၁၀ ခုနှစ်၏ အဖွင့်ပွဲဖြစ်သည်။ ထိုအပြင် MUFC ၏ ဂျာစီအသစ်ဖြင့် ပထမဆုံးကစားသောပွဲဖြစ်၍ MUFC မှအနိုင်ရရှိရန်စိတ်ဓါတ်ဖြင့် ကစားခဲ့သောပွဲဖြစ်သည်။ အသင်းလိုက်ကစားပုံကောင်းမွန်ခဲ့ပြီး အလယ်တန်းနှင့်နောက်တန်းသမားများ ခံစစ်ကို အတွဲညီစွာ ကစားခဲ့သည်ကို တွေ့ရသည်။ ရှေ့တန်း ကစားသမား များမှာလည်း ဂိုးသွင်းနိုင် ပြီးအဆုံးသတ်သေချာပါက ယခုထက်ပို၍ဂိုးကွာခြားချက်ရနိုင်ခဲ့ပေမည်။ ယခုပွဲတွင် MUFC အသင်းသားများ၏ ခံစစ် ကစားပုံမှာ အထူးကောင်းမွန်ခဲ့ပြီး အဆင့်ဆင့် ကာကွယ်ဖြတ်ထုတ်ခဲ့သဖြင့် တဖက်အသင်းမှ အန္တာရယ်ဇုန်အတွင်း ဘောလုံးရရန် ခက်ခဲခဲ့သည်။ နောက်ခံလူများညီညွတ်ခဲ့ပြီး အလယ်လူများ နှင့် တွဲဖက် ညီခဲ့သည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာတွင်လည်း နိုင်လိုစိတ်ရှိခဲ့ပြီး အလယ်တန်းသမားများမှလည်း နောက်တန်းသမားများကို အထောက်အကူပြုခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် ယခင် ပွဲစဉ်များကလို ပွဲပြီးခါနီး အာရုံစူးစိုက်မှု လျော့ကျသွားချင်း မရှိခဲ့ချင်းက အနိုင်ရရှိ စေရန်နည်းလမ်းဖြစ်ခဲ့သည်။ ဒိုင်ဖြစ်သူ၏ တဖက်အသင်း အား မျက်နှာသာပေးဆုံးဖြတ်ချက်များကိုစိတ်မထိန်းဘဲ စောဒကတက်ခဲ့ကြသည်။ အသင်း၏ခံစစ်ကစားပုံကောင်းမွန်ခဲ့သော်လည်း တန်ပြန် တိုက်စစ်ဆင်ရာတွင်အလယ်တန်းသမားများ နောက်ကျကျန်နေခဲ့သဖြင့် ရှေတန်းသမား များရုန်းကန်ခဲ့ရပေသည်။ အထူးသဖြင့် ဒုတိယပိုင်းတွင် ကွင်းလယ်၌ ကိုငယ်လေး တစ်ယောက်သာ တိုက်စစ်၌လိုက်ပါနိုင်ခဲ့ပြီး အလယ်တန်းခံစစ် ပိုမိုတောင့်တင်းသော အသင်းနှင့် တွေ့ဆုံပါကခါးပြတ်သွားနိုင်သည်ကို သတိပြုမိရပေမည်။
ပွဲစဉ်အလိုက်ကစားသမားများစွမ်းဆောင်မှု
သူ၏ လက်စွမ်းသည် တဖြည်းဖြည်းတောက်လျှောက်တက်လာပြီး တဖက်အသင်း၏ အပိုင်ကန်သွင်းချက်များကို ပြောင်မြောက်စွာ ကာကွယ်ခဲ့သည်။ ပထမပိုင်းတွင် တဖက်အသင်း၏ အပြင်းကန်ချက်ကို နှစ်ဆင့် ပုတ် ကာကွယ်မှုသည် အလွန် ကောင်းမွန် ခဲ့သည်။ အသင်းသားများ၏ ပွဲစဉ်အလိုက် အကောင်းဆုံး ဆုစာရင်း၌ ပါဝင် ခဲ့ခြင်းကပင် သူ၏ စွမ်းဆောင်ရည်ကိုဖော်ပြနေပါသည်။
ပူပူနွေးနွေး လက်ထပ်ပြီးစ စွမ်းရည်တက် ဂိုးသမား တဦးဖြစ်သည်။ နေရာယူ မှန်ကန်မှုရှိပြီး အဝေးကန်ချက်များ ကို ကာကွယ်သွားသည် ကို တွေ့ရသည်။ သို့သော် တည်ငြိမ်မှု ရှိရန်လိုအပ်ပြီး နောက်တန်းလူများကို ဘောလုံးပေးရာ၌ ဆန္ဒစောနေခြင်းကို ရှောင်ရှား သင့်သည်။

မွန်အောင် (ဂိုး) – (ပထမပိုင်း) -
သူ၏ လက်စွမ်းသည် တဖြည်းဖြည်းတောက်လျှောက်တက်လာပြီး တဖက်အသင်း၏ အပိုင်ကန်သွင်းချက်များကို ပြောင်မြောက်စွာ ကာကွယ်ခဲ့သည်။ ပထမပိုင်းတွင် တဖက်အသင်း၏ အပြင်းကန်ချက်ကို နှစ်ဆင့် ပုတ် ကာကွယ်မှုသည် အလွန် ကောင်းမွန် ခဲ့သည်။ အသင်းသားများ၏ ပွဲစဉ်အလိုက် အကောင်းဆုံး ဆုစာရင်း၌ ပါဝင် ခဲ့ခြင်းကပင် သူ၏ စွမ်းဆောင်ရည်ကိုဖော်ပြနေပါသည်။စည်သူ (ဂိုး) (ဒုတိယပိုင်း)
ပူပူနွေးနွေး လက်ထပ်ပြီးစ စွမ်းရည်တက် ဂိုးသမား တဦးဖြစ်သည်။ နေရာယူ မှန်ကန်မှုရှိပြီး အဝေးကန်ချက်များ ကို ကာကွယ်သွားသည် ကို တွေ့ရသည်။ သို့သော် တည်ငြိမ်မှု ရှိရန်လိုအပ်ပြီး နောက်တန်းလူများကို ဘောလုံးပေးရာ၌ ဆန္ဒစောနေခြင်းကို ရှောင်ရှား သင့်သည်။မျိုးမင်းဦး (ခေါ်) ကြက်ဥ (နောက်တန်း ဘယ်စွန်)

စာမေးပွဲကြောင့် အသင်းနှင့် ခေတ္တဝေးကွာခဲ့သော နောက်တန်းလူတဦးဖြစ်သည်။ သို့သော် ဖျက်ထုတ်မှုအားကောင်းခဲ့ပြီး ခံစစ်ပိုင်းတောင့်တင်းခဲ့သည်။ ပွဲကစားများလာပါက ယခင်ကဲ့သို့ အားထားရမည့် နောက်တန်းတဦးဖြစ်သည်။
ကိုမင်းနိုင် - နောက်တန်း (ဘယ်)

တနှစ်တာ အတိုးတက်ဆုံး ဘောလုံးသမားတဦး ဖြစ်ပြီး ခြေပေါ်လွင်စွာ ကစားနိုင်ခဲ့သည်။ အနီကတ်သာ အပြမခံခဲ့ရပါက ပွဲစဉ်အလိုက် အကောင်းဆုံးသမား ဆုစာရင်း၌ ပါဝင်နိုင်မည့် ကစားသမား တဦးဖြစ်သည်။ ခြေစွမ်းတက်လာသော လူကြီးခြေတက် ကစားသမားတဦးဖြစ်ပြီး Sweeper နေရာတွင် ထူးချွန်စွာ ကစားနိုင်ပြီှးစောင့်ကြည့်ခြင်း ခံရသည့် ကစားသမားဖြစ်သည်။
အောင်သူရ - နောက်တန်း (လယ်)

ပွဲစဉ်အလိုက် အကောင်းဆုံး ဘောလုံးသမားတဦး နှင့်ထိုက်တန်စွာ ကစားနိုင်ခဲ့သော အားကစားသမားဖြစ်သည်။ အပိုင်ဂိုး (၃) ဂိုးခန့်အား ကာကွယ်ခဲ့သော သူဖြစ်သည်။ ပထမပိုင်းတွင် ဂိုးစည်းပေါ်မှ ဖျက်ထုတ်သော တကြိမ်၊ ဒုတိယပိုင်း ပြီးခါနီးတွင် အာဖရိကန်ကစားသမား၏ ကန်သွင်းမှုအား တကြိမ် ဖျက်ထုတ်ခဲ့မှုသည် အသင်း၏ အနိုင်ရရေးအတွက် အထူးအရေးပါခဲ့သည်။ မှတ်ချက်။ ဤသို့ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းကဲ့သို့ ခြေစွမ်းပြနေပါက ၂၀၁၀ တွင် ထိုက်တန်သော သတို့သမီးရမည့် ရုပ်ရှိရေလျံ လူပျိုကြီး ဖြစ်သည်။
ကိုထွန်းဝင်းမင်း - နောက်တန်း (ညာ)

ယနေ့ပွဲ ကစားပုံ ကောင်းမွန်ခဲ့သည်။ တွန်းတွန်းတိုက်တိုက် မကစား၍ ဝေဖန်ခံနေရသူဖြစ်ပြီး ညာတောင်ပံ ကစားသမား ညီညီနှင့် အတွဲ ညီခဲ့သည်။
ခိုင်ချစ်- အလယ်တန်း (ဘယ်စွန်)

ပထမပိုင်းတွင် ပုံမှန်ခြေပျောက်နေခဲ့ပြီး ဒုတိယပိုင်းတွင် နောက်တန်းအား ကူခဲ့သူဖြစ်သည်။ ခံစစ်အားသန်နေ၍ တိုက်စစ်ကစားရာတွင် နောက်ချန်နေခဲ့သည်။ နောက်တန်း အား အထူးကူညီခဲ့ပြီး ယခုခြေအတိုင်းသာ ကစားပါက ၊ဇေယျာနှင့်ယဉ်အောင် တို့ ပထမပွဲထွက် နေရာအတွက် ယှဉ်ပြိုင်ရမည့်သူ ဖြစ်သည်။

နေမြတ်စိုး - အလယ်တန်း (ဘယ်)

မန်နေဂျာ ရဲကြီး ၏ အလယ်တန်းနောက်ခံလူနေရာတွင် ယခုပွဲမှ ဝင်ကစားသော ကစားသမား ဖြစ်သည်။ တနှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုရထားသူဖြစ်ပြီး စွယ်စုံရ ကစားသမား ဖြစ်ကာ အသင်း နောက်တန်းနှင့် အလယ်တန်းကို အကောင်းဆုံး ချိတ်ဆက်သူဖြစ်သည်။ မှတ်ချက် ။ အိမ်ကွင်းကစားပြီး ပင်ပန်းနေမည့် မန်နေဂျာ ရဲကြီး ပထမပွဲထွက် နေရာအတွက် ယှဉ်ပြိုင်ရမည့်သူ ဖြစ်ပြီး ၊ အသင်းနောက်တန်း အတွက် အလွန်အရေးပါသော မရှိမဖြစ် သူ ဖြစ်သည်။
ကိုငယ်လေး - အလယ်တန်း (လယ်)

အသင်းခေါင်းဆောင် ဖြစ်ပြီး ကွင်းလယ်ဗိုလ်ချုပ်ဖြစ်သည်။ အလယ်တန်း သမား အများစု နောက်တန်းဆင်းကူနေရချိန်တွင် တယောက်တည်း ကျန်ခဲ့သော အလယ်တန်း တိုက်စစ်သမားဖြစ်သည်။ မှတ်ချက်။ သူမပါဝင်နိုင်သည့် ပွဲများ၌ အသင်း အလယ်တန်း ကစားကွက် အားနည်းသွားတတ်သည်။
ညီညီ-အလယ်တန်း (ညာ)

အသင်းညာတောင်ပံနေရာအား သိမ်းပိုက်ထားနိုင်သည့် ကစားသမား တဦးဖြစ်သည်။ ယနေ့ပွဲတွင် အကောင်းဆုံးကစားခဲ့ပြီး တိုက်စစ်ရော၊ခံစစ်ပါ ၀င်ရောက်ကစာခဲ့သည်ကို တွေ့ရသည်။ ပွဲစဉ်အတွက် အကောင်းဆုံးဘောလုံးသမား အဖြစ် ထည့်သွင်း စဉ်းစားသင့်သော အားကစားသမား ဖြစ်သည်။
စိုးသူ-ရှေ.တန်း

ဂိုး လာဘ်ကောင်းသောသူဖြစ်ပြီး ကိုယ်ကိုအားပြု ကစားတတ်သူဖြစ်သည်။ အနည်း ငယ်ပါးနပ်ရန် လိုအပ်ပြီး လူကျွံထောင်ချောက်အား ရှောင်ရှားတတ်ရန် လိုအပ် သည်။ မှတ်ချက်။။ အသက်အငယ်ဆုံးအားကစား သမားဖြစ်ပြီး လျင်မြန်မှု လိုအပ် ပြီး တိုးတက်ရန် အလားအလာ ကောင်းသော သူဖြစ်သည်။
ဇာနည်-ရှေ.တန်း

အားထားရသော ရှေ့တန်း တိုက်စစ်မှူးဖြစ်ပြီး ပါးနပ်သော သူဖြစ်သည်။ယခုပွဲတွင် အဆုံးသတ်သာ သေချာခဲ့ပါကပွဲရလာဒ် ယခုထက်ပို၍ ကောင်းနိုင်ပေလိမ့်မည်။
![]() |
| MUFC 2-1 Ayer Rajah Malaysia FC |
HWM